Agriculture & IrrigationBurmese ArticlesEditorialsMyanmarNewsRiver & Inland WatersWater GovernanceWater SupplyWater Themes

“မမြင်နိုင်သော” မြေအောက်ရေကို “မြင်နိုင်အောင်“ ပြုလုပ်ခြင်း (GROUNDWATER – MAKING THE INVISIBLE VISIBLE)

News Editorials Burmese Articles Water Themes Water Governance River & Inland Waters Agriculture & Irrigation Water Supply Myanmar Water Portal Wednesday, 02 March 2022

“GROUNDWATER – MAKING THE INVISIBLE VISIBLE” Groundwater is invisible, but its impact is visible everywhere

“မမြင်နိုင်သော” မြေအောက်ရေကို “မြင်နိုင်အောင်” ပြုလုပ်ခြင်း။ မမြင်ရသောမြေအောက်ရေသည်မြင်ရသည့်နေရာတိုင်းမှာ အကျိုးသက်ရောက်စေ၏။

ကမ္ဘာ့ရေနေ့နှင့်မြေအောက်ရေ ။     ။ ကုလသမဂ္ဂအဖွဲ့အစည်းလက်အောက်ခံ အပြည်ပြည်ဆိုင်ရာပညာရှင်များနှင့် ကျွမ်းကျင်သူများပါဝင်သောအဖွဲ့အစည်းများ တိုင်ပင်ဆွေးနွေးပြီး နှစ်စဥ်မတ်လ(၂၂) ရက်နေ့ကို ကမ္ဘာ့ရေနေ့အဖြစ်သတ်မှတ်ကာ နှစ်စဥ်နှစ်တိုင်းကမ္ဘာ့‌ရေနေ့၏အာဘော် (အဓိကဆိုလိုရင်း)ကို သတ်မှတ်ပေးသည်။ သက်ဆိုင်ရာနှစ်အတွက် ပညာရှင်များ၊ ကျွမ်းကျင်သူများနှင့် အဖွဲ့အစည်းများက အများပြည်သူများအာရုံစိုက်လာအောင် တန်ဖိုးထားလာအောင် အလေးထားဆောင်ရွက်လာအောင် ဦးဆောင်၍ဆွေးနွေးပွဲများ၊ သုတေသနတွေ့ရှိချက်များ၊ ပညာပေးလုပ်ဆောင်ချက်များကို လုပ်ဆောင်ကြသည်။

ကမ္ဘာ့ရေနေ့ကို (၁၉၉၂) ခုနှစ်၌ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကအဆိုပြုပြီး (၁၉၉၃)ခုနှစ်မှစတင်ကျင်းပခဲ့သည်။ လူသန်းထောင်ပေါင်းများစွာအတွက် သန့်ရှင်းသောသောက်သုံးရေအရင်းအမြစ်၏အရေးကြီးပုံကို မီဒီယာအသီးသီးမှတဆင့် သတင်းဖြန့်ဝေပေးခြင်း၊ ဦးစီးဦးဆောင်စီမံခန့်ခွဲခြင်းများဖြင့် မီးမောင်းထိုးပြသည်။ကုလသမဂ္ဂအဖွဲ့ကြီး၏ ကမ္ဘာ့ရေကဏ္ဍဖွံ့ဖြိုးတိုးတက်မူ့အစီရင်ခံစာကို နှစ်စဥ်ထုတ်ပြန်၍ နိုင်ငံအသီးသီး၏တိုးတက်မှုကိုဖေါ်ပြကြပြီး းပြည်သူများကိုအားတက်စေသည်။ ရေကိုပိုမိုတန်ဖိုးထားလာစေသည်။။

(၂၀၂၂)ခုနှစ် မတ်လ(၂၂)ရက်နေ့သည် ကမ္ဘာ့‌ရေနေ့ဖြစ်သည်။ ယခုနှစ်ကမ္ဘာ့ရေနေ့၏အာဘော်(အဓိကဆိုလိုရင်း)မှာ မြေအောက်ရေ(Groundwater)ဖြစ်သည်။ မြေအောက်ရေသည် မြေပေါ်ရေကဲ့သို့ သဘာဝအလျောက်မျက်စိဖြင့်မမြင်ရပေ။ မြေအောက်တွင်ရှိနေသောရေကို မြေအောက်ရေပညာရှင်များ၏ ပညာရပ်ဆိုင်ရာစီမံခန့်ခွဲသည့် စက်မှုလက်မှုနည်းပညာအကူအညီဖြင့် မြေပေါ်သို့ထုတ်ယူမှာသာမြင်တွေ့ရသည်။ သို့ပါ၍ “မမြင်ရသော” မြေအောက်ရေကို “မြင်ရအောင်” ဟု အင်္ဂလိပ်ဘာသာစကားဖြင့် “GROUNDWATER – MAKING THE INVISIBLE VISIBLE” ဟုသုံးနှုန်းကြသည်။ 

သို့သော်မမြင်ရသော မြေအောက်ရေသည် မြင်ရသည့်နေရာတိုင်းမှာ လူတို့ကိုအကျိုးသက်ရောက်စေ၏။ သို့ပါ၍ဖုံးကွယ်နေသောရေအရင်းအမြစ်ကို အထူးဂရုပြုအလေးထားရန်လိုအပ်သည်။ မြေအောက်ရေသည် အစဥ်သဖြင့် အရေးပေါ်လိုအပ်သည့်အခါ အသုံးဝင်သောရေအရင်းအမြစ်ဖြစ်သည်။ သို့သော် နိုင်ငံ၏အကျိုးဖြစ်ထွန်းစေသည့် ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒရေးဆွဲသူများ၏ အသိအမှတ်ပြုမှုကို အပြည့်အဝမရပေ။ မြေအောက်ရေကဏ္ဍကို သီးသန့်ထည့်သွင်းရေးဆွဲရန် မေ့လျော့နေကြသည်။ 

(၂၀၁၁)ခုနှစ်မှတ်တမ်းများအရ ထိုသောက်သုံးရန်သင့်လျော်သောမြေအောက်ရေကို အများဆုံးထုတ်ယူနေသည့်နိုင်ငံ(၁၀) နိုင်ငံတွင် အန္ဒိယနိုင်ငံသည်တနှစ်လျှင်(၃၅၁)ကုဗကီလိုမီတာဖြင့်ပထမ၊ တရုတ်ပြည်နှင့်အမေရိကန်နိုင်ငံတို့သည် ထုတ်ယူမှုပမာဏ(၁၁၂)ကုဗကီလိုမီတာ တန်းတူဖြစ်သော်လည်းဒုတိယနှင့်တတိယအဆင့်၌ ရှိနေကြသည်။

ရေသည် လူတို့အသက်ရှင်နေရေးအတွက် အခြေခံဖြစ်သည်။ မြန်မာ့ဆိုရိုးစကားအရ “ရေအသက်တစ်မနက်” ဖြစ်သည်။ တိုးတက်သောနိုင်ငံများတွင် ရေလိုအပ်သဖြင့်ဘုံပိုင်ခေါင်းဖွင့်လိုက်သည့်အခါ‌‌တိုင်း ရေကျလာစမြဲပင်။ သို့သော် ကမ္ဘာတစ်ဝန်းတွင် သန့်ရှင်းသောသောက်သုံးရေမရရှိနေသေးသည့် ပြည်သူများရှိနေသေး၏။ ထိုနေရာအရပ်ဒေသများရှိပြည်သူများထံသို့ နယ်စီးခြားနားမှုမရှိ သောက်သုံးရေရောက်ရှိစေရေး၊ ရရှိစေရေးသည် ကုလသမဂ္ဂ၏အမြဲရည်မှန်းချက်ပန်းတိုင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာတဝန်းရှိခန့်မှန်းခြေလူသန်းပေါင်း (၇၈၀) သည် မသန့်ရှင်းသောသောက်သုံးရေများနှင့် နေထိုင်နေရသေးသည်။ကမ္ဘာပေါ်ရှိ သန့်စင်သောရေများတွင် မြေအောက်ရေသည် အများဆုံးနှင့်အသန့်စင်ဆုံးဖြစ်သည်။ အမေရိကန်ဘူမိ‌ဗေဒေအဖွဲ့အစည်း (USGS) ၏တွက်ချက်ထားသည့် ကိန်းဂဏန်းများအရ ကမ္ဘာတဝန်းရှိ မြေအောက်ရေပမာဏသည် (၅၆၁၄၀၀၀) ကုဗမိုင် (သို့) (၂၃၄၀၀၀၀၀) ကုဗကီလိုမီတာဖြစ်သော်လည်း သောက်သုံးနိုင်သည့် သန့်ရှင်းသောမြေအောက်ရေပမာဏသည် (၂၅၂၆၀၀၀) ကုဗမိုင် (သို့) ကုဗကီလိုမီတာ (၁၀၅၃၀၀၀၀)ဖြစ်သည်။ ကမ္ဘာပေါ်ရှိသန့်စင်သော‌မြေပေါ်ရေပမာဏ၏ (၃၀) ရာခိုင်နှုန်းသည် မြေအောက်‌ရေဖြစ်သည်။

(၂၀၁၁)ခုနှစ်မှတ်တမ်းများအရ ထိုသောက်သုံးရန်သင့်လျော်သောမြေအောက်ရေကို အများဆုံးထုတ်ယူနေသည့်နိုင်ငံ(၁၀) နိုင်ငံတွင် အန္ဒိယနိုင်ငံသည်တနှစ်လျှင်(၃၅၁)ကုဗကီလိုမီတာဖြင့်ပထမ၊ တရုတ်ပြည်နှင့်အမေရိကန်နိုင်ငံတို့သည် ထုတ်ယူမှုပမာဏ(၁၁၂)ကုဗကီလိုမီတာ တန်းတူဖြစ်သော်လည်းဒုတိယနှင့်တတိယအဆင့်၌ ရှိနေကြသည်။ ထုတ်ယူသုံးစွဲနေသည့်ပမာဏသည် လျင်မြန်စွာတိုးတက်လာသဖြင့် ကမ္ဘာတဝှန်းရှိမြေအောက်‌ရေပမာဏသည် ပြန်လည်ဖြည့်တင်းပေးသည့်မိုးရေနှင့်မိုးရွာသွန်းမှု မမှန်မကန်ဖြစ်စေသည့်အကြောင်းများက တစ်နှစ်ထက်တစ်နှစ်တိုး၍တိုး၍ ဆိုးကျိုးကိုသက်ရောက်နေစေသည်။ မြေအောက်ရေထုတ်ယူအသုံးပြုသည့်ပမာဏနှင့် ပြန်လည်ဖြည့်တင်းပေးသည့် ပမာဏသည် အချိုးမညီတော့ပေ။ ထုတ်ယူမှုများပြီး ပြန်လည်ဖြည့်တင်းမှုနည်းလာနေသည်။ ဤသည်မှာရာသီဥတုပြောင်းလဲလာမှု (Climate change) ၏ဆိုးကျိုးများပင်ဖြစ်သည်။

ယေဘုယျအားဖြင့် တစ်ကမ္ဘာလုံးရှိ လူဦးရေနှစ်ဘီလီယံကျော်သည် မြေအောက်ရေကို တနှစ်လျှင်ရေဂါလံ(၂၅၉)ထရီလီယံ ထုတ်ယူနေကြတယ်။ ကမ္ဘာပေါ်ရှိစိုက်ပျိုးရေးလုပ်ငန်းများအားလုံး၏ (၂၀) ရာခိုင်နှုန်းသည် မြေအောက်ရေကိုအသုံးပြုကြသည်။ ရာသီဥတုပြောင်းလဲလာမှုများ (Climate change ) ကလည်းမြေအောက်‌ရေထုတ်ယူသုံးစွဲရေးတွင် အခက်အခဲပြဿနာမျိုးစုံ ကြုံတွေ့လာစေသည်။ နေရာဒေသအတော်များများ၌ မမြင်ရသောမြေအောက်ရေအပေါ် ဆိုးကျိုးများသက်ရောက်နေခြင်းက မျက်မြင်ဖြစ်ပျက်နေသည်။ မြေအောက်‌ရေအောင်းလွှာမှ ရေထွက်နှုန်းကျဆင်းလာသည်နှင့်အမျှ မြေအောက်‌ရေမျက်နှာပြင်နိမ့်ကျမှုများလာသည်။ အချို့နေရာအတော်များများတွင် မြေမျက်နှာပြင်နိမ့်ကျသွားခြင်း၊ မြေကျွံကျခြင်းများပါ ဖြစ်ပျက်နေကြသည်။ တရုတ်နိုင်ငံရှိနေရာဒေသအများစုတွင် (၁၉၇၀) ခုနှစ်ကစ၍ မြေအောက်‌ရေမျက်နှာပြင်နိမ့်ကျလာခဲ့ရာ ယနေ့အထိ ပေ(၁၀၀၀)ခန့်နိမ့်ကျသွားကြောင်း မှတ်တမ်းများတွင် ဖော်ပြထားသည်။

Related Articles

ထို့အပြင် ရေအရည်အသွေးကျဆင်းလာခြင်း၊ ပင်လယ်ကမ်းစပ်ဒေသနှင့် ရေချိုရေငန် ဒီရေအတက်အကျရှိသော မြစ်ချောင်းများအနီးတွင် မြေအောက်‌ရေအောင်းလွှာထဲသို့ ရေငန်တိုးဝင်လာခြင်းကြောင့် ရေအရည်အသွေးကျဆင်းလာရခြင်း၊ လူတို့၏စွန့်ပစ်ရေဆိုးများကြောင့် မြေအောက်ရေအရည်အသွေးညစ်ညမ်းစေခြင်းစသည်တို့ဖြစ်ပျက်လာကြသည်။ နာဆာ(NASA)၏လေ့လာချက်အရ ကမ္ဘာပေါ်ရှိအကြီးဆုံးသောရေအောင်းလွှာ(Aquifers) ၃၇ ခုမှ ၂၃ ခုသည် လူတို့သောက်သုံးရန်အတွက် ကောင်းမွန်သော‌ရေအောင်းလွှာ၏အရည်အသွေးနှင့် ပမာဏကို ထိန်းမထားနိုင်သည့်အခြေအနေသို့ ရောက်နေကြောင်း လေ့လာသိရှိရသည်။နေရာဒေသရပ်ဝန်းအလိုက် တန်ဖိုးရှိသောမမြင်နိုင်သည့်ရေကို ကောင်းကျိုးသက်ရောက်စေမည့်စီမံခန့်ခွဲမှုများဖြင့် စုပေါင်းထိန်းသိမ်းရန်လိုအပ်သည်။ အသိ(awareness)နှင့် သတိ(caution)ရှိရန်လည်းလိုပါမည်။

မြန်မာနိုင်ငံ၏မြေအောက်ရေထုတ်ယူသုံးစွဲနိုင်မှုပမာဏ (၄၉၅) ကုဗကီလိုမီတာရှိသည်။ ထိုပမာဏ၏(၁၂-၁၅) ရာခိုင်နှုန်း [(၇၄.၂၅) ကုဗကီလိုမီတာ (ခန့်မှန်း)] ခန့်သုံးစွဲနေသည်။

မြန်မာနိုင်ငံနှင့်မြေအောက်ရေ ။ ။ မြန်မာနိုင်ငံတွင် ကမ္ဘာ့‌ရေနေ့ကိုကျင်းပခဲ့သည့်မှတ်တမ်းများရှိသည်။ သို့သော်နှစ်စဥ်နှစ်တိုင်းကျင်းပသည်ဟု မှတ်တမ်းမှတ်ရာမတွေ့ပေ။ (၂၀၁၄) ခုနှစ်ကစ၍ ကျင်းပခဲ့ကြောင်းလေ့လာသိရှိရသည်။ (၂၀၂၀-၂၁)ခုနှစ်များ၌ မကျင်းပနိုင်ခဲ့ပေ။ မြန်မာနိုင်ငံတွင် အများပြည်သူနှင့်သက်ဆိုင်သည့် မြေအောက်ရေနှင့်သက်ဆိုင်သောနေ့ အခမ်းအနားများ ကျင်းပခဲ့သည်ဟူ၍ မည်သည့်မှတ်တမ်းမှတ်ရာမျှ မတွေ့ဖူးပေ။ ယခုနှစ်တွင်လည်း နိုင်ငံအ‌ရေးအခြေအနေကြောင့် ကမ္ဘာ့ရေနေ့ကိုကျင်းပနိုင်ဖွယ်မမြင်ပေ။ မြေအောက်ရေကို ရှေးမြန်မာမင်းများလက်ထက်က မြို့ပြရပ်ဝန်းရေရရှိရေးအတွက် ရေတွင်းများကိုကုန်းဘောင်ခေတ်ကာလ၊ အမရပူရ၊ မန္တလေးမြို့၊ သာယာဝတီမင်းလက်ထက်ရန်ကုန်မြို့အထိ သုံးစွဲလာခဲ့သည်။ အင်္ဂလိပ်ကိုလိုနီလက်ထက်၌ စက်တူးတွင်းများပိုမိုများပြားလာသည်။ ရန်ကုန်၊ အင်းစိန်ရပ်ဝန်းဒေသများအတွက် မြေအောက်ရေဥပဒေပြဌာန်း၍ ဥပဒေစည်းမျဥ်းစည်းကမ်းအတိုင်း စက်ရေတွင်းတူးလုပ်ငန်းများကိုလုပ်ကိုင်စေခဲ့သည်။ တပြည်လုံးတွင် စက်ရေတွင်းအရေအတွက်သည်လည်း တိုးလာခဲ့သည်။ (၁၉၈၈)နောက်ပိုင်းကာလများရှိ စက်ရေတွင်းအရေအတွက်သည် (၁၉၈၈)ခုနှစ်မတိုင်ခင်ကာလများရှိ တွင်းအရေအတွက်ထက် အဆများစွာတိုးလာခဲ့သည်။ သို့သော်မြေအောက်ရေဥပဒေ မရှိသေးပေ။ အင်္ဂလိပ်ကိုလိုနီလက်ထက်က ရန်ကုန်ရပ်ဝန်းဒေသအတွက်ပြဌာန်းထားသောမြေအောက်ရေဥပဒေသည်လည်း (၁၉၈၈) ခုနှစ်နောက်ပိုင်းတွင် အာဏာသက်ရောက်မှုမရှိတော့ပေ။ လွန်ခဲ့သော (၂) နှစ်က အရပ်သားအစိုးရလက်ထက်ပြုစုထားသည့် မြေအောက်ရေဥပဒေသည်လည်း အတည်ပြုပြဒါန်းမည့်နှစ် (၂၀၂၁) တွင် အစိုးရအပြောင်းအလဲကြောင့် ရွှေပြည်တော်မျှော်တိုင်းဝေးဖြစ်သွားသည်။ ခေတ်အဆက်ဆက်သော နိုင်ငံတော်အစိုးရများသည်‌လည်း မြေအောက်သယံဇာတများဆိုင်ရာ အကျိုးဖြစ်ထွန်းစေမည့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒရေးဆွဲရာ၌ မြေအောက်‌ရေဆိုင်ရာမူဝါဒ၊ နည်းစနစ်ပိုင်ဆိုင်မှု၊ လုပ်ကိုင်ဆောင်ရွက်မူ့များနှင့်ပတ်သက်၍ အသိအမှတ်ပြုမှု ရေးဆွဲချမှတ်ထားခြင်းမရှိခဲ့ပေ။ မြန်မာလူမျိုးများရှေးရိုးစွဲခံယူချက်မှာ”မြေရှိရင်ရေရှိတာဘဲ”ဖြစ်သည်။ ဤခံယူချက်က နိုင်ငံအုပ်ချုပ်သူလူတန်းစားများ၏ခေါင်းထဲ၌ပင်စွဲနေသည့် “အပ်တစ်ချောင်းပင်” ဟုစာရေးသူသုံးသပ်သည်။ ယနေ့အချိန်ကာလ၌ နေရာဒေသတိုင်း ရေတွင်းတူး၍ရေမထွက်တော့ပေ။ အကျိုးအဆက်အနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မြေအောက်ရေဆိုင်ရာ စည်းမျဥ်းစည်းကမ်းဥပဒေမရှိ၊ ပညာရပ်ဆိုင်ရာကြီးကြပ်ကွပ်ကဲမှုမရှိသော အရည်အသွေးပြည့်ဝစွာရှိသင့်သည့် တွင်းသက်တမ်းရှည်ကြာမှုနည်းသည့် စက်ရေတွင်းအရေအတွက်များသည်သာ သန်းချီရှိနေသည်။

မြန်မာနိုင်ငံတွင်‌ မြေအောက်‌ရေလွှာ (၃) ခု အလူဗီယလ်၊ ဧရာဝတီယံ၊ ပဲခူး၊ ထုံးကျောက်ရေအောင်းလွှာများ (Alluvial, Irrawaddian, Peguan and Limestone aquifers) မှမြေအောက်ရေကို ထုတ်ယူသုံးစွဲနေကြသည်။ အလူဗီယလ်မှ အများဆုံးထုတ်ယူသည်။ မြန်မာနိုင်ငံ၏မြေအောက်ရေထုတ်ယူသုံးစွဲနိုင်မှုပမာဏ (၄၉၅) ကုဗကီလိုမီတာရှိသည်။ ထိုပမာဏ၏(၁၂-၁၅) ရာခိုင်နှုန်း [(၇၄.၂၅) ကုဗကီလိုမီတာ (ခန့်မှန်း)] ခန့်သုံးစွဲနေသည်။ ပုဂ္ဂလိကစက်ရေတွင်းအရေအတွက်များသည် သိန်းသန်းချီနေသော်လည်း မှတ်တမ်းမှတ်ရာမရှိသဖြင့် မည်သူမျှကိန်းဂဏန်းအတိအကျကိုမပြောနိုင်ပါ။ ဌာနဆိုင်ရာတွင်းများသာ မိမိတို့ဌာနအလိုက်မှတ်သားထားသည်များ ရှိကြသည်။

စိုက်ပျိုးရေးကဏ္ဍတွင်လည်း ပုဂ္ဂလိကပိုင်စိုက်ပျိုးရေးသုံးရေလျံတွင်းပေါင်း (၅၀၀၀) ကျော်နှင့် ဌာနဆိုင်ရာတွင်းပေါင်း (၇၀၀) ရှိနေသည်။ မြန်မာနိုင်ငံတွင်မြေအောက်ရေဖြင့်စိုက်ပျိုးရေးကို (၁၉၇၅-၈၀)ခုနှစ်များက စတင်ခဲ့သည်။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (အက်ဖ်အေအို)၏မှတ်တမ်းများတွင်(၂၀၁၀) ခုနှစ်၌မြန်မာနိုင်ငံနယ်နမိတ်အတွင်းစိုက်ပျိုးမြေဧကတစ်သိန်းကျော် (တစ်နိုင်ငံလုံးရှိစိုက်ပျိုးမြေဧကအားလုံး၏ (၅ – ရာခိုင်နှုန်း)ကို မြေအောက်‌ရေကုဗမီတာသန်းပေါင်း(၂၄၀၆) သုံးစွဲ၍ စိုက်ပျိုးခဲ့သည်ဟုခန့်မှန်းထားသည်။ (၂၀၂၀) ခုနှစ်တွင်စိုက်ပျိုးရေးသုံးမြေအောက်‌ရေတွင်း (ရေလျံတွင်း) ပေါင်း (၅၀၀၀) ကျော် ရှိလာကြောင်းလေ့လာသိရှိရသည်။

မမြင်နိုင်သောမြေအောက်ရေကို လူတို့၏စီးပွားရေးဆိုင်ရာလုပ်ငန်းများ၊ စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းများအတွက် အလွန်အကျွံထုတ်ယူသုံးစွဲနေခြင်းများ တစ်နှစ်ထက်တစ်နှစ်များပြားလာနေသည်။ ပြည်သူများအတွက်သောက်သုံးရေသည်လည်း မြေအောက်‌ရေဖြစ်သည်။ တစ်နိုင်ငံလုံးရှိမြို့နယ်အားလုံး၏ (၆၀) ရာခိုင်နှန်းကျော်သည် မြေအောက်ရေကို သောက်သုံးရေအဖြစ်အားထားနေရသည်။ သို့သော် ပြောင်းလဲလာသောရာသီဥတုနှင့် အရေးကြီးသောတန်ဖိုးရှိသည့် မြေအောက်ရေကို အသိ၊ သတိဖြင့်ထုတ်ယူ ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှုနည်းနေသောကြောင့် သောက်သုံးရန်သင့်လျော်သာအခြေအနေများ မြန်မာနိုင်ငံတွင်လျော့ပါးလာနေသည်။

ရန်ကုန်၊ မန္တလေးစသည့် မြေအောက်ရေအမြောက်အမြား ထုတ်ယူသုံးစွဲနေသည့်မြို့ကြီးများတွင် အချို့နေရာများ၌ မြေမျက်နှာပြင်နိမ့်ကျမှုများ၊ အိမ်အဆောက်အဦးတံခါး၊ ကြမ်းခင်း၊ တိုင်စသည်တို့ နိမ့်ကျမှုများဖြစ်နေသည်ကို ကြားသိရသည်။ အချို့သောမြို့နယ်များ၌ မြေအောက်ရေအောင်းလွှာ အလွန်အကျွံနိမ့်ကျသွားသဖြင့် ရေထုတ်ယူ၍မရသောအခြေအနေသို့ ရောက်ရှိနေသည်ကို တွင်းပိုင်ရှင်များ၊ ရေတွင်းတူးသူများမှတစ်ဆင့် ကြားသိနေရသည်။ ဤသည်မှာ ကောင်းသောအလားအလာမဟုတ်‌ပေ။

မြန်မာနိုင်ငံတွင် မြေအောက်ရေသယံဇာတကို စနစ်တကျစီမံခန့်ခွဲအုပ်ချုပ်မှုမရှိဘဲ ထုတ်ယူသုံးစွဲလာခဲ့သည်မှာ ရာစုနှစ်တစ်ဝက်ကျော်ခဲ့သော်လည်း မြေအောက်ရေဥပဒေမရှိသေးပေ။ အိမ်နားနီချင်းနိုင်ငံများအားလုံး၌ မြေအောက်‌ရေဥပဒေရှိကြသည်။ ပြည့်စုံသောဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ပညာရပ်ဆိုင်ရာစီမံခန့်ခွဲသည့်နည်းစနစ်များပါ၀င်သည့် မြေအောက်ရေဥပဒေအမြန်ဆုံးပေါ်ပေါက်ရန် လိုအပ်နေသောအချိန်ကာလဖြစ်သည်။ မြေအောက်ရေကဏ္ဍ စနစ်တကျဖွံဖြိုးတိုးတက်ရန်လိုအပ်နေပါပြီ။ မမြင်ရသောမြေအောက်ရေသည် လူတို့အတွက်မြင်ရသောနေရာ၌ ကောင်းကျိုးများစွာပေးနေပါသည်။ မမြင်ရ‌သောမြေအောက်ရေကို မြင်ရသောမြေပေါ်ရေကဲ့သို့ အသိ။ သတိထားပြီး ထိမ်းသိမ်းစောင့်ရှောက်သုံးစွဲကြပါစို့။

မြန်မာနိုင်ငံ၌ ကျင်းပနိုင်မည် မထင်သောမြေအောက်ရေနေ့ (မတ်လ-၂၂ ရက်၊ ၂၀၂၂ ခုနှစ်) သို့ ………………………

မောင်ကျေးရေ (ဦးမြင့်သိန်း)

(၂၀၂၂)ခုနှစ်၊ဖေဖဝါရီလ (၂၄) ရက်။ 

Tags: Groundwater

Related Articles

Back to top button