Burmese ArticlesDisaster & FloodingEditorialsGeneral NewsMyanmarNewsRiver & Inland WatersWater GovernanceWater Themes

အဏ္ဏဝါသက်ရှိ အမြောက်အမြား မျိုးသုဥ်းမှုဖြစ်ပေါ်လာနိုင်ကြောင်း သိပ္ပံပညာရှင်များ သတိပေး

News General News Editorials Burmese Articles Water Themes Water Governance Disaster & Flooding River & Inland Waters Myanmar Water Portal Tuesday, 01 November 2022

ကမ္ဘာကြီးစတင်အသက်ဝင်ခဲ့ချိန်မှစ၍ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းပျောက်ကွယ်ခြင်းဖြစ်စဉ်ပေါင်း အနည်းဆုံး ငါးခု ထိ ရင်ဆိုင်ခဲ့ရပြီးဖြစ်သည်။ ယခုမျက်မှောက်ကာလတွင်လည်း နောက်ထပ် မျိုးသုဉ်းပျောက်ကွယ်မှုဖြစ်စဉ်မျိုး သမုဒ္ဒရာထဲတွင် ထပ်မံပေါ်ပေါက်လာတော့မည့် အရိပ်အယောင်ရှိနေပေပြီ။

ရာသီဥတုပြောင်းလဲမှုသာ အရှိန်အဟုန်ပြင်းပြင်းနှင့် ဆက်လက် ဖြစ်ပေါ်နေမည်ဆိုပါက နှစ်သန်းပေါင်း ရာဂဏန်း များစွာထိကို မမြင်ဖူးသေးခဲ့သော ကမ္ဘာတစ်ဝှမ်းမှ အဏ္ဏဝါ သက်ရှိများ အစုလိုက်အပြုံလိုက် သေကြေပျက်စီးမှုများကို မျက်ဝါးထင်ထင် မြင်တွေ့ရတော့မည်ဖြစ်သည်။ဤအကြောင်းအရာသည် Princeton မှသုတေသီများဖြစ်ကြသော Justin Penn နှင့် Curtis Deutsch တို့ ထုတ်ပြန်ခဲ့သည့် သုတေသနစာတမ်းတွင် ပါဝင်သော ထိတ်လန့်ဖွယ်ရာ သတိပေးချက်ပင်ဖြစ်သည်။

ဤရာစုနှစ်အကုန်တွင် ၅ ဒီဂရီ ဆဲလ်စီးယပ် ပိုမို ပူနွေးလာမည်ဟု ယူဆထားသော အနာဂတ် ရာသီဥတု ဖြစ်လာနိုင်ခြေသည် နောက်ထပ် နှစ်ပေါင်း ၃၀ဝ အတွင်းတွင် အဏ္ဏဝါသက်ရှိများ အစုလိုက် အပြုံလိုက် မျိုးတုံးပျောက်ကွယ်မှုကို ဖြစ်ပေါ်လာစေလိ့မ်မည်။ ထိုဖြစ်စဉ်သည် လွန်ခဲ့သော နှစ်သန်းပေါင်း ၂၅ဝ Permian ကာလတွင် ဖြစ်ပေါ်ခဲ့သော အဏ္ဏဝါသက်ရှိပေါင်း ၉ဝ ရာခိုင်နှုန်းဝန်းကျင်ထိ ပျောက် ကွယ်ပျက်သုဉ်းသွားခဲ့ရသည့် “Great Dying” ဖြစ်စဉ်နှင့်ပင် ယှဉ်နိုင် လောက်သည်အထိ ကြီးမားပေလိ့မ်မည်။

ထိုအဆိုးရွားဆုံး အနာဂတ် ဖြစ်လာနိုင်ခြေတွင် သမုဒ္ဒရာ အပူချိန်များ မြင့်တက်လာပြီး ပျော်ဝင် အောက်ဆီဂျင်ပမာဏ နည်းပါးလာလိ့မ်မည်။ အချို့သော ပင်လယ်သမုဒ္ဒရာနေ သတ္တဝါ များသည် ပိုကောင်းသော အနေအထားများကို ရှာဖွေရန်အတွက် ဝင်ရိုး စွန်းများဆီသို့ ပြောင်းရွှေ့ရန် ကြိုးစားကြပေလိ့မ်မည်။ အချို့မှာ အောင်မြင် နိုင်သော်လည်း အပူပိုင်းဒေသကဲ့သို့ ပို၍ပူနွေးသောနေရာများတွင်မူ မျိုး စိတ်အတော်များများ သေကြေပျက်ဆီးပေလိ့မ်မည်။ ဝင်ရိုးစွန်းများနှင့် နီးကပ်လာလေ သက်ရှိ အတော်များများ သွားစရာ နေရာမရှိလေ ဖြစ်လာပေလိ့မ်မည်။ ထိုသက်ရှိများသည် ကမ္ဘာမြေမှ လုံးဝဥဿုံ ပျောက်ကွယ်သွားနိုင်ပေသည်။ သို့သော် ဤအနာဂတ်ရလာဒ်များကို ရှောင်ရှားရန်ဖြစ်နိုင်ပေသည်ဟု သိပ္ပံ ပညာရှင်များက အလေးပေးပြောကြားထားသည်။ ကမ္ဘာကြီး၏ ရာသီဥတု ပြောင်းလဲမှုအပေါ် အလျင်အမြန် ကိုင်တွယ်ပြီး ကမ္ဘာကြီး ပူနွေးလာမှုကို ၂ ဒီဂရီ ဆဲလ်စီးယပ်အောက် ထိန်းထားနိုင်ပါက မျိုးတုံး ပျောက်ကွယ်မည့်ဘေးကို ၇ဝ ရာခိုင်နှုန်းကျော်ခန့် အထိ လျှော့ချနိုင်မည်ဖြစ်သည်။

ထိုကဲ့သို့ လုပ်ဆောင်မှုနှင့်အတူ ညစ်ညမ်းမှုများကို ထိန်းချုပ်ခြင်းနှင့် ရေရှည်တည်တံ့သော ငါးဖမ်း လုပ်ငန်းစဉ်များကို ကျင့်သုံးခြင်းကဲ့သို့သော အဏ္ဏဝါသက်ရှိများကို ကာကွယ်ရန် ကြိုးပမ်းအားထုတ်ဆောင်ရွက်မှုများနှင့်သာ ပေါင်းစည်းလိုက်ပါက ကမ္ဘာကြီးအနေနှင့် နောက်ထပ် ကြီးမားသော အစုလို်က်အပြုံလိုက် အဏ္ဏဝါ မျိုးတုံးမှုကြီးကို ရှောင်ရှား နိုင်လိမ့်မည်ဟု မျှော်လင့်ရပေသည်။ Penn နှင့် Deutsch တို့ သုတေသနပညာရှင် နှစ်ယောက်သည် အထူး မော်ဒယ်အမျိုးအစားကိုအသုံးပြုကာ ပတ်ဝန်းကျင်ဆိုင်ရာ ပြောင်းလဲမှုကို အဏ္ဏဝါ မျိုးစိတ်များအနေနှင့် မည်သို့မည်ပုံ ပြုမူတုံ့ပြန်လုပ် ဆောင်သည်ကို အသွင်ပြုကာ simulation လုပ်ဆောင်ခဲ့သည်။ သူတို့သည် လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက ဖြစ်ပွားခဲ့သည့် Permian ခေတ်က Great Dying ကို အတိအကျ အသွင်ပြု နိုင်ခဲ့သည့် မော်ဒယ်ကို ပြန်လည် အသုံးပြုခဲ့ကြသည်။

အဏ္ဏဝါ မျိုးစိတ်အများစုသည် သတ်မှတ်ထားသော ပတ်ဝန်းကျင်အနေအထား အဝန်းအဝိုင်းတစ်ခု အတွင်းတွင်သာ ခံနိုင်ရည်ရှိသည်။ သူတို့အနေနှင့် အသက်ရှင် ရပ်တည်နိုင်ရန်အတွက် ရေထဲရှိအောက်ဆီဂျင်ပမာဏ အတိုင်းအတာတစ်ခုနှင့် သင့်တော်သော အပူချိန်တို့ရရှိရန် လိုအပ်သည်။ ထိုအဝန်းအဝိုင်းကို ကျော်လွန်သွားပြီဆိုသည်နှင့် ၎င်းတို့ စတင်သေကြေ ပျက်ဆီးကြတော့မည်ဖြစ်သည်။ ဇီဝရုပ် သက်ရှိတစ်ခု၏ သင့်တင့်လျောက်ပတ်သော နေရာဌာန စတင်ပျောက်ဆုံးလာပြီဆိုသည်နှင့် ၎င်း၏ အရေအတွက်များမှာ စတင် လျော့နည်းလာသည်။ ထိုမျိုးစိတ်၏ ဦးရေပမာဏမှာ သတ်မှတ်အဆင့် အနိမ့်ဆုံးအောက်ကို ကျော်လွန်၍ လျော့နည်းသွားပြီးလျှင် ပြန်တိုးပွားနိုင်တော့မည် မဟုတ်ပေ။ မျိုးတုံးပျောက်ကွယ်မည့် ဘေးတို့ကို တွက်ချက်ရာ၌ မော်ဒယ်က ထိုအကြောင်းခြင်းရာများ အားလုံးကိုပါ ထည့်သွင်းစဉ်းစားကာ တွက်ချက်အဖြေထုတ်ထားခြင်းဖြစ်သည်။

သုတေသန ပညာရှင်များသည် အားပျော့သော ဖြစ်စဉ်နှင့် ပြင်းထန်သော ဖြစ်စဉ်ဟူ၍ အနာဂတ်တွင် ကမ္ဘာကြီးပူနွေးလာမှုဆိုင်ရာ ဖြစ်နိုင်ခြေ နှစ်ခုကို တွက်ချက်အဖြေထုတ်ခဲ့ကြသည်။ ပြင်းထန် သော အနာဂတ်ဖြစ်နိုင်ခြေသည် သိပ္ပံပညာရှင်အများစုက ယခုလက်ရှိ အချိန်နှင့် ရာစုနှစ်အကုန်ကြားအတွင်း မဖြစ်နိုင်လောက်ဟု ယူဆထားသည်။ သို့သော် အနာဂတ် ဖြစ်နိုင်ခြေများအရ မျိုးသုဉ်းမည့် ဘေးသည် သမုဒ္ဒရာ အပူချိန်မြင့်တက် လာမှုနှင့်အတူ တရိပ်ရိပ် မြင့်မားလျက်ရှိသည်ကို ပြသနေသည်။ ထိုအပူချိန်များကို ဆန်းစစ်နေခြင်းက ပြည်တွင်း မျိုးသုဉ်းမှုများသာမက ကမ္ဘာလုံးဆိုင်ရာ မျိုးသုဉ်းပျောက်ကွယ်မှုဘေးတို့ကိုပါ သိသိသာသာ လျှော့ချနိုင်မည် ဆိုသည်ကိုလည်း ပြသနေသည်။

လေ့လာမှု အသစ်အပေါ် သုတေသနပညာရှင် Malin Pinsky နှင့် Alexa Fredstion တို့ ပေးထားသော မှတ်ချက်တွင် “လူ့အဖွဲ့အစည်းတွင် ရင်ဆိုင်နေရသော အဓိက ရွေးချယ်မှုကြီး” ဟုအလေးပေးဖော်ညွှန်းထား ပေသည်။ “ရာသီဥတုပြောင်းလဲမှု ဆိုသည်မှာ မျိုးစိတ်များကို ကမ္ဘာ့အစွန်းဆီ နှင်ထုတ်ခြင်းဖြစ်သည်” ဟု သူတို့ရေးသားခဲ့သည်။

လေ့လာမှုတွင် တင်ပြခဲ့သည့် အကောင်းဆုံးအခြေအနေနှင့် အဆိုးဆုံး အခြေအနေကြား အနာဂတ်သည် မည်သည့်နေရာတွင် ကျရောက်မည် ဆိုသည်မှာမူ လာမည့်နှစ်များအတွင်း ဤလူ့အဖွဲ့အစည်းကြီး က ပြုလုပ်မည့် ရွေးချယ်မှုများအပေါ်တွင် မူတည်နေပေသည်။ ကမ္ဘာကြီးက အကောင်းဆုံး အနာဂတ် ဖြစ်လာနိုင်ခြေနှင့် မည်မျှထိ နီးစပ်နိုင်မည်နည်းဆိုသည်မှာ သမုဒ္ဒရာအတွင်းက သက်ရှိတို့၏ အနာဂတ် အတွက် အပူတပြင်း အရေးတကြီး မေးရမည့် မေးခွန်းတစ်ခုဖြစ်နေပေသည်ဟု ထိုသုတေသန ပညာရှင်များက မှတ်ချက်ပြုလိုက်သည်။

Translated by Tin Sanpai Win, a final Year Student from Myanmar Maritime University.

Original Source: https://www.scientificamerican.com/article/scientists-warn-of-looming-mass-ocean-extinction/

Tags: Ecosystem services

Related Articles

Check Also
Close
Back to top button