Burmese ArticlesEditorialsIndustry & Economic DevelopmentMyanmarNewsWater Themes

သဘာဝအခြေပြုဖြေရှင်းနည်း (Nature-based Solutions) ဆိုတာ ဘာတွေလဲ

သဘာဝအခြေပြုဖြေရှင်းနည်း (Nature-based Solutions) ဆိုတာ ကြုံတွေ့နေရတဲ့ အမျိုးမျိုးသော အခက်အခဲ၊ စိန်ခေါ်မှုတွေကို သဘာဝပတ်ဝန်းကျင် ဂေဟစနစ်တစ်ခုလုံးရဲ့ ရှုထောင့်ကနေခြုံငုံပြီး ကာကွယ်ဖြေရှင်းပေးနိုင်တဲ့ “ထီး” သဖွယ် တင်စားလို့ ရနိုင်ပါတယ်။ သဘာဝအခြေပြုဖြေရှင်းနည်းတွေထဲမှာ ဂေဟစနစ် မပျောက်ပျက်အောင် ကာကွယ်ထိန်းသိမ်းပေးခြင်း၊ ရေရှည်အတွက် စနစ်တကျစီမံခန့်ခွဲခြင်းနှင့် သဘာဝတရားနှင့် လူသားမျိုးနွယ်အပေါ်မှာပါ အကျိုးဖြစ်ထွန်းစေနိုင်မယ့်နည်းလမ်းများ၊ အခြေခံအဆောက်အဦးများ ပါဝင်ပါတယ်။ သဘာဝအခြေပြုဖြေရှင်းနည်းလမ်းများသည် ရာသီဥတုပြောင်းလဲမှုအပေါ် ပြုပြင်ဆင့်ကဲနိုင်ခြင်း၊ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ၊ အစားအသောက် လုံလောက်ပြည့်ဝစေခြင်း၊ သန့်ရှင်းသော လေနှင့်ရေကို ရနိုင်စေခြင်း၊ သဘာဝဘေးအန္တရာယ် လျော့ချနိုင်မှု၊ ဂေဟစနစ် သမမျှတမှု အစရှိသော ပတ်ဝန်းကျင် ၊ လူမှုဝန်းကျင်နှင့် စီးပွါးရေးဆိုင်ရာ ရေရှည်အကျိုးဖြစ်ထွန်းမှုများစွာကို ဖန်တီးပေးနိုင်ပါတယ်။

သဘာဝအခြေပြုဖြေရှင်းနည်း ဟု နာမည်တပ်ထားသည့်အတိုင်း ဖြေရှင်းနည်းလမ်းများစဉ်းစားရာတွင် သဘာဝတရားးနှင့် မသွေဖယ်ဘဲ အလိုက်သင့် လုပ်ကိုင်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ရာသီဥတု ပြောင်းလဲခြင်းနဲ့ ဆက်စပ်ရင်တော့ ပြုပြင်ပြောင်းလဲခြင်းနှင့် ပြောင်းလဲဆင့်ကဲခြင်း နည်းဗျူဟာ များစွာ လိုအပ်သလို ကမ္ဘာမြေကို ရေရှည်ကာကွယ်စောင့်ရှောက်ဖို့ စီမံခန့်ခွဲမှုတွေလည်း အမြဲဆန်းသစ်နေဖို့ လိုအပ်ပါတယ်။ ယခုအချိန်ကာလတွင် Greenhouse ဂက်စ်များကြောင့် ကမ္ဘာကြီးပူနွေးလာခြင်းနှင့်  ရာသီဥတုပြောင်းလဲပျက်စီး ယိုယွင်းလာတာကို လူအများပိုမို သတိထား အလေးပေးလာတဲ့အလျှောက် Greenhouse ဂက်စ်များထုတ်လွှင့်မှုကို လျှော့ချခြင်းသည် လူသားတို့ပြုလုပ်နိုင်သော သော့ချက်တစ်ခုဖြစ်လာပြီး နည်းလမ်းအမျိုးမျိုးလည်း ပေါ်ပေါက်လာတာကိုတွေ့နိုင်ပါတယ်။ ဒီလိုနည်းလမ်းတွေထဲကမှ သဘာဝအခြေုပြုဖြေရှင်းနည်း တစ်ခုကို ဥပမာပေးရမည်ဆိုလျှင် greenhouse ဂက်စ်များကို အဓိကဖြစ်စေသော ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှင့်မှုတွေကို ဟန့်တားပေးနိုင်ရန် သစ်တောများ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ သစ်ပင်များ စိုက်ပျိုးခြင်းတို့ပဲဖြစ်ပါတယ်။ သဘာဝအခြေပြုဖြေရှင်းနည်းပုံစံ အမျိုးမျိုးရှိသော်လည်း အများအားဖြင့် သစ်ပင်သစ်တောနှင့် ရေအရင်းအမြစ်တို့ကို တပြိုင်နက် ထိန်းသိမ်းခြင်းကဲ့သို့သော “စိမ်းပြာ” အခြေခံအဆောက်အဦး (Blue-Green Infrastructure) တိုးများလာအောင်ပြုလုပ်ခြင်း၊ ရာသီဥတုနှင့်လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးနည်းသစ်များကိုအသုံးပြုခြင်း၊ မြို့ပြများစိမ်းလန်းအောင်ဖန်တီးခြင်းနှင့် ခဲရောင် (grey) ဟု ဆိုနိုင်သော အဆောက်အအုံ လမ်း တံတားနှင့် အခြားသော တည်ဆောက်မှုများတွင် အစိမ်းရောင် ( Green Infrastructure) နှင့် အပြာရောင် ( Blue Infrastructure) တို့ ဖက်စပ် အသုံးပြုခြင်းအစရှိသည့်နည်းလမ်းများလည်း ပါဝင်ပါတယ်။

သဘာဝအခြေပြုဖြေရှင်းနည်းတွေရဲ့ စိန်ခေါ်မှုတွေနဲ့ရည်မှန်းချက်တွေက ဘာတွေဖြစ်နိုင်မလဲ။

စက်တင်ဘာ ၂၄၊ ၂၀၂၁ ခုနှစ်တွင် World Bank, ADB, RVO နှင့် နယ်သာလန် ကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်ခဲ့သော “Challenges and Ambitions for Nature-based Solutions in development projects financed by World Bank, ADB, RVO”  virtual event မှာ ရေနဲ့သက်ဆိုင်တဲ့အခြေခံအဆောက်အအုံ ပရောဂျက်တွေမှာ သဘာ၀အခြေပြုဖြေရှင်းနည်းတွေကို ဦးစားပေးခဲ့ရာမှ ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများမှ သင်ခန်းစာများ၊ ကွာဟချက်များ၊လိုအပ်ချက်မျာကို ဆွေးနွေးခဲ့ကြပါတယ်။ ဒီထဲကမှ အရေးကြီးတဲ့ ကောက်နှုတ်ချက်အချို့မှာ –

(၁) လူမှုစီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးဖြစ်ထွန်းစေသော သဘာဝအခြေပြု ဖြေရှင်းနည်းများအပေါ်တွင် ပိုမိုသတိပြုလာစေရန် ဆောင်ရွက်ဖို့လိုအပ်နေသေးသည်။

(၂) အချိန်ကြာကြာနှင့် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရန်လိုအပ်သော သဘာဝအခြေပြု ပရောဂျက်များ၏ ငွေကြေးစီမံခန့်ခွဲမှုအပေါ်တွင် သတိထားဂရုပြုရန် လိုအပ်နေသည်။

(၃) ပရောဂျက်များမှာ အခြေအနေအလိုက် ပြုပြင်ပြောင်းလဲလွယ်ပြီး ခဲရောင်နှင့် အစိမ်းရောင် အခြေခံအဆောက်အဦး(Grey and Green Infrastructure)များ သမမျှတ ဖက်စပ်နိုင်ရန် လမ်းဖွင့်ပေးရန်နှင့် အခြေအနေ အကြောင်းအရာများ ပြောင်းလဲမှုပေါ်မူတည်ပြီး သဘာဝအခြေပြုဖြေရှင်းနည်းများသည် ခဲရောင် အခြေခံအဆောက်အဦးများ (Grey Infrastructure) နေရာတွင် အစားထိုးလာနိုင်ပြီး လက်တွေ့ကျ၍ ကုန်ကျစရိတ် သက်သာသော နည်းလမ်းတစ်ခု ဖြစ်လာနိုင်သည်။

(၄) ဥပဒေအကြောင်းဆိုင်ရာ၊ ငွေကြေးစီမံခန့်ခွဲမှုနှင့် အသိပညာပေးခြင်းဆိုင်ရာ နည်းအမျိုးမျိုးဖြင့် ပတ်ဝန်းကျင်ကို ပိုမိုတိုးတက်အောင်ဖန်တီးပေးနိုင်သည်။

(၅) သဘာဝအခြေပြု ပရောဂျက်များသည် မတိကျမသေချာမှုရာခိုင်နှုန်းမြင့်မားသောကြောင့် သိပ္ပံနည်းကျ ရေရှည်စောင့်ကြည့်လေ့လာခြင်းနှင့် တာဝန်ယူကိုင်တွယ်မှုများ လုပ်ဆောင်ရန် လိုအပ်သည်။

(၆) အကောင်းဆုံးသော ချဉ်းကပ်ဖြေရှင်းနည်းမှာ အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ ငွေကြေးဆိုင်ရာ ကျွမ်းကျင်သူများနှင့် ဒေသခံများ ငွေအား၊လူအား၊အချိန်အားဖြင့် စုပေါင်းဖန်တီးပါဝင်ကြခြင်းပင်ဖြစ်သည်။

(၇) အခြေခံအဆောက်အဦး ဖွံ့ဖြိုးတိုးတက်ဖို့ရာ သဘာဝအရင်းအမြစ်များ၏ အရေးပါသောကဏ္ဍအပေါ်တွင် အသိပညာနှင့် ဂရုပြုထိန်းသိမ်းစောင့်ရှောက်မှု အားနည်းနေသေးသည်။

(၈) အစိုးရ၊ ငွေကြေးအလှူရှင်များ နှင့် ပုဂ္ဂလိက အခန်းကဏ္ဍများ ပူးပေါင်းဆောင်ရွက်သော ချဉ်းကပ်ဖြေရှင်းနည်းသည် တင်ဒါခေါ်ခြင်းနည်းလမ်းဟောင်းထက် သဘာဝအခြေပြု ပရောဂျက်များကို ပိုမိုအကျိုးဖြစ်ထွန်းစေသည်။

အနာဂတ်တွင် သဘာဝအခြေပြုဖြေရှင်းနည်းများအတွက် စိန်ခေါ်မှုများမှာ –

(၁) သဘာဝအခြေပြု ဖြေရှင်းနည်းများသည် တိုးတက်ရန်အလားအလာများစွား ရှိနေသေးသည်။ အထူးသဖြင့် ပရောဂျက်များ၏ ပဏာမဒီဇိုင်းအဆင့်တွင် အင်ဂျင်နီယာများ၊ စီးပွားရေးပညာရှင်များ၊ ဇီဝဗေဒပညာရှင်များ၊ စီမံခန့်ခွဲမှုပညာရှင်များနှင့် နိုင်ငံရေးပညာရှင်များ အစရှိသော အဖက်ဖက်မှ ပုဂ္ဂိုလ်တို့ ပါဝင်ခြင်းအားဖြင့် သဘာဝအခြေပြုဖြေရှင်းနည်းများ၏အလားအလာကို ပိုမိုထိရောက်စေနိုင်သည်။

(၂) ပုံမှန်ဖြေရှင်းနည်းများနှင့် နှိုင်းယှဉ်လျှင် သဘာဝအခြေပြု ဖြေရှင်းနည်းများ၏ တန်ဖိုးကို အများပြည်သူသိရှိရန်နှင့် နားလည်လက်ခံလာစေရန် တိုက်တွန်းပေးဖို့လိုအပ်နေသေးသည်။

(၃) ခဲရောင်နှင့် အစိမ်းရောင် အခြေခံအဆောက်အဦးများ (Grey and Green Infrastructure) သမမျှတမှုသည် အထူးပင် လိုအပ်ပြီး အစိမ်းရောင် အခြေခံအဆောက်အဦးများ (Green Infrastructure) ကို ပိုမိုတန်ဖိုးထားရန်လည်း လိုအပ်သည်။

(၄) ရေရှည် သိပ္ပံနည်းကျ စောင့်ကြည့်လေ့လာခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်မှုများသည် သဘာဝအခြေပြု ပရောဂျက်များအတွက် အရေးပါသောကြောင့် ဒေသတွင်း အကောင်အထည်ဖော်လုပ်ဆောင်နိုင်စွမ်းအတွက် ငွေကြေးထောက်ပံ့မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုလိုအပ်နေသည်။

(၅) သဘာဝအခြေပြုဖြေရှင်းနည်းဟာ ကျွန်ုပ်တို့အပေါ်တွင် အကျိုးဖြစ်ထွန်းစေမည်လား၊ ပရောဂျက်များအပြီး ရေရှည်တည်တံ့ဖို့ရာ စွမ်းဆောင်နိုင်မှာလား၊ ဟူသော မေးခွန်းများအတွက် ဂရုပြုမှု၊ နည်းပညာ၊ အများပိုင်နှင့် ပုဂ္ဂလိကဆိုင်ရာ ငွေကြေးစီမံခန့်ခွဲမှု၊ ထိန်းသိမ်းစောင့်ရှောက်မှု အစရှိသည်တို့ကို ထောက်ပံ့ပေးရန်လိုအပ်သည်။

(၆) အသိပညာ၊ လူအား၊ ငွေအားနှင့် သဘာဝအခြေပြုဖြေရှင်းနည်းများကို ပုံဖော်ရာတွင် ဒေသအစိုးရ၏ဦးဆောင်ပါဝင်မှုသည်လည်း မဖြစ်မနေလိုအပ်သည်။

(၇) ဒေသအာဏာပိုင် အဖွဲ့အစည်းများ၊ ဒေသခံများ၊ အသင်းအဖွဲ့များ၊ အင်ဂျင်နီယာများ၊ စီမံကိန်းရေးဆွဲသူများ၊ ငွေကြေးစီမံခန့်ခွဲသူများ အားလုံးပါဝင်သော စေ့စပ်ညှိနှိုင်း ဆောင်ရွက်မှုများကို ကနဦးအစမှ စတင်လုပ်ဆောင်သွားခြင်းဖြင့် သဘာဝအခြေပြုဖြေရှင်းနည်းများ၏အလားအလာများ ပိုမိုကောင်းမွန်လာနိုင်ပေသည်။ Reference

  • https://www.iucn.org/adapt
  • Executive summary: NbS virtual event “Challenges and ambitions for Nature-based solutions in development projects financed by World Bank, ADB, and RVO” – September 24, 2021

Written by Shwe Yati Su from The Water Agency

 

Related Articles

Check Also
Close
Back to top button